မြန်မာသဒ္ဒါ

လူတို့နှုတ်မှထွက်သောအသံတို့ကို ဆိုလိုသည့် အဓိပ္ပာယ်ရောက်အောင် စနစ်တကျ ပြောဆို ရေးသားရသည်။ ထိုသို့ ပြောဆိုရေးသားရာ၌ အသုံးပြုရမည့် စည်းစနစ်တို့ကို ဖော်ပြသော ကျမ်းသည် သဒ္ဒါကျမ်း ဖြစ်သည်။

  • သဒ္ဒါအဓိပ္ပာယ်ရှိသောအသံကို အစွဲပြု၍ ရေးသားထားသောကြောင့် သဒ္ဒါဟု ခေါ်သည်။
  • အသံနားဖြင့် ကြားသမျှကို အသံ ဟုခေါ်သည်။
  • သဒ္ဒသဒ္ဒသည် ပါဠိစကားဖြစ်သည်။ အသံဟု အဓိပ္ပာယ်ရသည်။
  • နာမ်

    သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲတို့၏ အမည်ဟူသမျှကို နာမ် ဟုခေါ်သည်။

  • နာမ်စား

    နာမ်၏အစားသုံးသော ပုဒ်ကို နာမ်စား ဟုခေါ်သည်။

  • ကြိယာ

    ပြုခြင်းကိုဖြစ်စေ၊ ဖြစ်ခြင်းကိုဖြစ်စေ၊ ရှိခြင်းကိုဖြစ်စေ ပြသောပုဒ်ကို ကြိယာ ဟုခေါ်သည်။

  • နာမဝိသေသန

    နာမ်ကို အထူးပြုသောပုဒ်ကို နာမဝိသေသန ဟုခေါ်သည်။

  • ကြိယာဝိသေသန

    ကြိယာကို အထူးပြုသောပုဒ်ကို ကြိယာဝိသေသန ဟုခေါ်သည်။

  • ဝိဘတ်

    နာမ်၊ နာမ်စားတို့၏နောက်၌တည်၍ ၎င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏နောက်၌တည်၍ ၎င်းကြိယာ၏ကာလနှင့် အမျိုးအစားကိုလည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ် ဟုခေါ်သည်။

  • သမ္ဗန္ဓ

    ပုဒ်အချင်းချင်းကိုဖြစ်စေ၊ ဝါကျအချင်းချင်းကိုဖြစ်စေ၊ အဓိပ္ပာယ်အချင်းချင်းကိုဖြစ်စေ ဆက်စပ်ပေးသော စကားလုံးကို သမ္ဗန္ဓ ဟုခေါ်သည်။

  • ပစ္စည်း

    နာမ်၊ နာမ်စား၊ နာမဝိသေသန၊ ကြိယာ၊ ကြိယာဝိသေသနတို့၏အဓိပ္ပာယ်ကို ထူးခြားလေးနက်အောင် ကူညီထောက်ပံ့သော စကားလုံးကို ပစ္စည်း ဟုခေါ်သည်။

  • အာမေဍိတ်

    ထိတ်လန့်ခြင်း၊ ဝမ်းသာခြင်း၊ အံ့သြခြင်းစသည့် တစ်စုံတစ်ခုသောအကြောင်းကြောင့် ပြင်းပြင်းထန်ထန် စိတ်လှုပ်ရှားကာနှုတ်မှ ရုတ်တရက် ထွက်ပေါ်လာသောအသံကို အာမေဍိတ် ဟုခေါ်သည်။

  • အက္ခရာ

    လူတို့နှုတ်မှ ထွက်သော အသံတို့ကို နားဖြင့်ကြားရသည်။ ထိုအသံတို့ကို ကိုယ်စားပြုထားသည့် အမှတ်သင်္ကေတများကို အက္ခရာ ဟုခေါ်သည်။ က၊ ခ၊ ဂ၊ ဃ၊ င စသော အမှတ်သင်္ကေတများသည် အက္ခရာများဖြစ်ကြသည်။ ထိုအက္ခရာများကို စာရေးသားရာတွင် အသုံးပြုကြရသည်။

  • စကားလုံး

    အနက်အဓိပ္ဂာယ်ကို ဖော်ပြနိုင်သော စကားအစိတ်အပိုင်း အသီးသီးကို စကားလုံး ဟုခေါ်သည်။

  • ပုဒ်

    သီးခြားစကားလုံးကိုလည်းကောင်း၊ သီးခြားစကားလုံးနှင့် အကူစကားလုံးတို့ကို တွဲစပ်ထားသော စကားလုံးတို့ကို လည်းကောင်းပုဒ် ဟုခေါ်သည်။

  • ပုဒ်စု

    ပုဒ်(၂)ပုဒ်၊ (၃)ပုဒ် စသည်တို့၏အကြား၌ ဝိဘတ်၊ ပစ္စည်း၊ သမ္ဗန္ဓတစ်ခုခုကိုထားလျက်ဖြစ်စေ၊ ပုဒ်(၂)ပုဒ်၊ (၃)ပုဒ် စသည်တို့၏ နောက်၌ သမ္ဗန္ဗ(၂)ခု၊ (၃)ခု စသည်တို့ကို ထားလျက်ဖြစ်စေ ဆက်ထားသောပုဒ်ကို ပုဒ်စု ဟုခေါ်သည်။

  • ပုဒ်ဖြတ်ပုဒ်ရပ်

    မြန်မာစာရေးသားရာ၌ အဓိပ္ပာယ်ရှင်းလင်းစေရန် ပုဒ်ကလေး၊ ပုဒ်မ၊ ဝိုက်ကွင်းစသော သင်္ကေတများကို အသုံးပြု၍ ရေးရသည်။ ထိုသင်္ကေတများကို ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတများ ဟုခေါ်သည်။

  • ဝါကျ

    ဆိုလိုသည့်အဓိပ္ပာယ်ရောက်အောင် စနစ်တကျ စီစဉ်ထားသော ပုဒ်အစုအပေါင်းကို ဝါကျ ဟုခေါ်သည်။ ဝါကျတစ်ခုတွင် အနည်းဆုံး ကတ္တားတစ်ခုနှင့် ကြိယာတစ်ခု ပါဝင်သည်။

  • ကာလ

    ကြိယာ၏ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းနှင့် စပ်ဆိုင်သော အချိန်ကို ပြသည်။

  • လိင်

    အထီးအမသဘာဝကို လိင် ဟုခေါ်သည်။

  • ကိန်း

    အရေအတွက်ကို ကိန်း ဟုခေါ်သည်။

  • ဝါစင်္ဂ

    ဝါစင်္ဂ သည် ဝါစာနှင့် အင်္ဂ ပေါင်းစပ်ထားသော ပါဠိစကား ဖြစ်သည်။ ဆိုလိုသည့် အဓိပ္ပာယ်ရောက်အောင် ပြောဆိုသောစကား၏ အစိတ်အပိုင်းကို ဝါစင်္ဂဟု ခေါ်သည်။